Windows ထဲမှာပါတဲ့ Burn to Disc တူးလေးဖြင့် CD/DVD အခွေကူးယူနည်း

 ဒီတစ်ခေါက်မှာတော့ ကျနော်တို့ Windows တွေဘက် ပြန်လှည့်ကြည့်ရအောင်..။ ဝင်းဒိုးတွေရဲ့ အသုံးဝင်ပုံတွေနဲ့ ပါတ်သက်လို့ ကျနော်တင်ပေးဖို့ ကျန်နေသေးတဲ့ လုပ်နည်းလေးတွေနဲ့ အသုံးပြုပုံလေးတွေကို ပိုစ့်လေးတွေ တစ်ခုစီအဖြစ် ဖန်တီးပြီး တင်ပြပေးလိုက်ပါတယ်..။ ဒီပိုစ့်မှာတော့ မည်သည့် Burning ဆော့ဝဲလ်မှ မလိုပဲ မိမိတို့ရဲ့ ဝင်းဒိုးထဲက Tool လေးတစ်ခုဖြစ်တဲ့ Burn to Disc တူးလေးနဲ့ မိမိတို့ရဲ့ ဓါတ်ပုံတွေ Video တွေကို CD/DVD အတွင်း Burn ပြီး ထည့်သွင်း သိမ်းထားနိုင်မယ့် နည်းလမ်းကောင်းလေးပဲ ဖြစ်ပါတယ်..။ တချို့ကလည်း ဝင်းဒိုးထဲမှာ ဒီ Burn to Disc တူးလေး ပါမှန်း မသိတော့ Nero Burning ဆော့ဝဲလ်ကပဲ ပိုကောင်းသလိုလို၊ တခြား ဆော့ဝဲလ်တွေကပဲ ပိုကောင်း သလိုလို စသဖြင့် အမျိုးမျိုးပြောကြတဲ့ လူတွေလည်း တွေ့ဖူးပါတယ်..။ အဲ့ဒီဆော့ဝဲလ်တွေမှာ အထူးပြုလုပ်ချက် Advanced Features တွေပါတာ မှန်ပေမယ့်.. ရိုးရိုး အခွေကူးယူရုံလောက် ဆိုရင်တော့ ဘာဆော့ဝဲလ်မှ သုံးဖို့မလိုပဲ ဒီ Burn to Disc တူးလေးနဲ့ အလွယ်တကူ အခွေ Burn နိုင်ပါတယ်..။ 
ဒီပိုစ့်မှ အသုံးပြုနည်းကတော့ အရင်တစ်ပါတ်က သူငယ်ချင်းတစ်ယောက်က သူ့အတွက် တန်းဖိုးရှိတဲ့ ဓါတ်ပုံတွေကို DVD တချပ်မှာ ထည့်ပြီး သူ့မိသားစုဆီကို ပို့ပေးချင်တာကြောင့်.. ကျနော့်ဆီမှာ Laptop နဲ့ DVD ယူလာပြီး ကျနော်လုပ်ပေးလိုက်လို့ အဆင်ပြေသွားတဲ့ လုပ်နည်းလေးပဲ ဖြစ်ပါတယ်..။ ဒီလိုလွယ်ကူတဲ့ နည်းတွေကို ကျနော့် Blog မှာ နေ့စဉ်လာရောက် လေ့လာနေတဲ့ မိတ်ဆွေများလည်း လုပ်တတ်၊ ကိုင်တတ် ရှိအောင် ပုံတွေနဲ့ ရိုက်ယူပြီး ဒီနေ့တော့ ပိုစ့်တစ်ခုအဖြစ် တင်ပေးလိုက်ပါပြီ..။ အရင်တုန်းကလည်း CD/DVD ဘယ်လို Burn မလဲ (ခွေကူးနည်း လမ်းညွှန်) ဆိုတဲ့ ခေါင်းစဉ်နဲ့ ပိုစ့်တစ်ခု တင်ပေးခဲ့ဖူးပါတယ်..။ အဲ့ဒီပိုစ့်မှာတော့ Nero ဆော့ဝဲလ်နဲ့ Ashampoo ဆော့ဝဲလ်တွေကို အသုံးပြုပြီး အခွေ Burn ပြပေးထားတာ ဖြစ်ပါတယ်..။ ဒီပိုစ့်က Burn to Disc တူးနဲ့ Burn လိုက်ပြီးသား CD/DVD ခွေတွေ အတွင်းမှ ဓါတ်ပုံနှင့် video များကို၊ မိမိတို့ရဲ့ TV နဲ့ ရုပ်ရှင်ဖွင့်ကြည့်လို့ ရတဲ့ DVD Player တွေနဲ့ပါ ပြန်လည် ဖွင့်ကြည့်နိုင်မှာပဲ ဖြစ်ပါတယ်..။ ဒါပေမယ့် DVD Player တွေက JPEG / PNG / MP3 / MP4 နှင့် တခြား Flv လို ဖေါ်မတ်တွေကို Support လုပ်တဲ့ စက်တွေ ဖြစ်ဖို့တော့ လိုပါတယ်..။ အဲလို Support ဖြစ်တယ်ဆိုရင်တော့ အခု ဒီပိုစ့်က နည်းနဲ့ Burn လိုက်တဲ့ အခွေတွေကို အလွယ်တကူ ဖွင့်ပြပေးနိုင်ပါလိမ့်မယ်..။
နောက်တခုကတော့ ဓါတ်ပုံများနှင့် MP3 သီချင်းတွေပဲ ဆိုရင်တော့ 699 MB လည်း မပြည့်ဘူးဆိုရင် CD အသစ်တချပ်နဲ့တင် Burn နိုင်ပါတယ်..။ အဲ့ဒီထက် ဖိုင်ဆိုဒ်လည်းများမယ်၊ MP4 (or) Other Format တွေလည်း ဖြစ်နေမယ် ဆိုရင်တော့ DVD အသစ်တချပ်နဲ့မှသာ အဆင်ပြေနိုင်ပါလိမ့်မယ်..။ 4.7 GB ကျော်နေရင်လည်း Double Layer (Dual Layer) ဆိုတဲ့ DVD အသစ်ကတော့ 8.5 GB ထိ ဝင်ဆံ့ပါတယ်..။ ဒါကတော့ မိမိတို့ အခွေကူးယူလိုတဲ့ ဖိုင်တွေပေါ်မှာ မူတည်ပြီး ၊ ဖိုင်တွေရဲ့ ဆိုဒ် ဘယ်လောက်ရှိနေလဲ ဆိုတာကို ကြည့်တတ်အောင် အောက်က ပုံလေးမှာ ပြပေးထားပါတယ်..။ အဲ့လို ကြည့်ပြီးမှ CD နဲ့ အဆင်ပြေမလား၊ DVD နဲ့ အဆင်ပြေမလား ဆိုတာကို တွက်ချက်နိုင်မှာပဲ ဖြစ်ပါတယ်..။
အောက်က ပထမဆုံး ပုံလေးအတိုင်း မိမိတို့ အသုံးပြုမယ့် ဖိုင်တွေ ဓါတ်ပုံတွေကို ဖိုင်ဆိုဒ်ဘယ်လောက် ရှိလဲဆိုတာ သိရအောင် Select ပေးလိုက်ပါ..။ ပြီးရင် အဲဒီဖိုင်တွေပေါ်မှာ Right Click >> Properties ကို တချက် ကလစ်လိုက်တာနဲ့ အောက်ဆုံးပုံလေးတွေ အတိုင်း အသုံးပြုမယ့် ဖိုင်တွေရဲ့ ပမာဏကို မြင်ရ၊ ကြည့်လို့ ရပါပြီ..။ လိုအပ်တဲ့ CD or DVD အခွေသစ် တချပ်ကို မိမိတို့ရဲ့ စက်ထဲက DVD Drive ထဲကို အရင် ထည့်ထားဖို့ လိုပါတယ်..။

 

အပေါ်ပုံအတိုင်း 3.59 GB ဆိုတာကို မြင်ရပါတယ်..။ ဒါဆိုရင်တော့ CD နဲ့ မရပါဘူး..။ 4.7 GB ရှိတဲ့ DVD နဲ့မှသာ အဆင်ပြေနိုင်မယ်ဆိုတာကို သိဖို့လိုပါတယ်..။ Cancel နဲ့ ပြန်ထွက်လိုက်ပါ..။ ကျနော် DVD အသစ်တချပ်ကို DVD Drive ထဲ ထည့်ထားလိုက်ပါပြီ..။
ပြီးရင်တော့ အောက်ကပုံလေး အတိုင်း DVD Drive ကို မြင်ရတဲ့ Computer ကနေ ဝင်းဒိုးတခုကို ထပ်ဖွင့်ပြီး ပုံတွေရှိနေတဲ့ ဝင်းဒိုးနဲ့ နှစ်ခု ယှဉ်ထားလိုက်ပါတယ်..။ ပြီးမှ မိမိကူးယူလိုတဲ့ ပုံတွေကို စလက်ပေး မောက်စ်မျှားနဲ့ ဖိဆွဲယူသွားပြီး DVD Drive ပေါ်ကို တင်လိုက်ယုံပါပဲ..။ Drag and Drop လို့ ခေါ်ပါတယ်..။ အောက်ကပုံလေးအတိုင်းပါ..။ ကွန်ပျူတာ နည်းပညာတွေနဲ့ ပါတ်သက်ပြီး လေ့လာနေဆဲ သူများဆိုရင်တော့ Drag and Drop စာသားကို အသေမှတ်သား ထားဖို့ လိုပါတယ်..။ နေရာတိုင်းမှာ အသုံးပြုတဲ့ စကားလုံးလေးပါ..။ Website တွေမှာလည်း အသုံးများလာတဲ့ စကားလုံးလေး ဖြစ်ပါတယ်..။


အပေါ်ကပုံအတိုင်း Drag and Drop နဲ့ ထည့်လိုက်ရင်တော့ အောက်ကပုံလေးအတိုင်း Copy ကူးထည့် နေတာကို မြင်နေရမှာပဲ ဖြစ်ပါတယ်..။ ဖိုင်ဆိုဒ်နည်းလွန်း၊ သေးလွန်းရင်တော့ မြန်လွန်းလို့ မမြင်ရ နိုင်ပါဘူး..။ ဒီပုံမှာတော့ ဖိုင်ဆိုဒ် ကြီးတဲ့အတွက် အခုလို မြင်ရခြင်းပါ..။


အောက်ကပုံလေးအတိုင်း ဆက်လက်ပြီး Notification ဘောက်စ်လေး ပေါ်လာရင်တော့ ကလစ်ပြီး ကြည့်နိုင်ပါတယ်..။ Burn ဖို့ အဆင်သင့် ဖြစ်နေတဲ့ ဖိုင်တွေကို မြင်နေရပါပြီ..။ ဒါဆိုရင်တော့ အောက်ဆုံးက ပုံလေးတွေအတိုင်း Burn to Disc တူးလေးနဲ့ CD/DVD ခွေတွေ Burn နိုင်ပါပြီ..။


DVD Drive ပေါ်မှာ အောက်ကပုံလေးအတိုင်း Right Click ထောက်ပြီး Burn to Disc စာသားလေးကို ဆက်နှိပ်သွားလိုက်ပါ..။


Disc Title မှာတော့ အခွေရဲ့ နာမည်ကို မိမိတို့ ကြိုက်သလို ထည့်ပေး နိုင်ပါတယ်..။ ကျနော်ကတော့ အောက်ကပုံလေးအတိုင် ရိုက်ထည့်ပေးပြီး Next နဲ့ ဆက်သွားလိုက်ပါတယ်..။


အောက်ကပုံလေးတွေ အတိုင်း အခွေ Burn နေတာကို ပြီးတဲ့အထိ စောင့်နေပေးလိုက်ပါ..။ ဖိုင်ဆိုဒ်ကြီးရင် ပိုကြာမှာ ဖြစ်ပြီး ဆိုဒ်သေးရင်တော့ မြန်ပါလိမ့်မယ်..။ ဒီပိုစ့်က ပုံတွေမှာတော့ ၆-မိနစ်လောက် ကြာပါတယ်..။






အပေါ်ကပုံတွေ အတိုင်း Successfully ဆိုရင်တော့ Finish ပေးပြီး ထွက်လိုက်လို့ ရပါပြီ..။ မိမိတို့ Burn လိုက်တဲ့ Data တွေကို DVD Drive ထဲက DVD ချပ်ထဲမှာ အပေါ်နဲ့ အောက်ပုံတွေအတိုင်း မြင်နေရပါပြီ..။ ကျနော် Burn လိုက်တဲ့ DVD ထဲက ပုံတွေနဲ့ Data တွေကို  အောက်ကပုံလေးအတိုင်း ပြန်လည် ဝင်ကြည့်လိုက်တာပါ..။


အောက်ဆုံးပုံလေးအတိုင်း  Burn to Disc တူးလေးနဲ့ Burn လိုက်တဲ့ DVD ထဲက ပုံတွေကို ဖွင့်ကြည့်လို့ ရသွားပါပြီ..။

 ဒီလောက်ဆိုရင်တော့ ဝင်းဒိုးထဲမှာ ပါတဲ့ ဒီ Burn to Disc တူးလေးနဲ့ CD/DVD Burn တဲ့ နည်းလေးကို အားလုံးပဲ လုပ်တတ်၊ အသုံးပြုတတ်လောက်ပါပြီ..။ အားလုံးပဲ အလွယ်တကူ လေ့လာတတ်မြောက်၍ အဆင်ပြေကြပါစေ..။

4 comments:

Related Posts Plugin for WordPress, Blogger...