DVD ၅-ချပ်ဖြင့် သိမ်းထားခဲ့ပြီးသော Windows Image Backup ဖိုင်များအား Restore ပြန်ထည့်နည်း

phyo soe  21 November 2013 22:47
မိမိတို့ရဲ့ Computer ကိုကြိုတင်ကာကွယ်ရန် Windows တစ်ခုလုံးကို DVD ချပ်တွေနဲ့ သိမ်းထားရမယ့် Windows Image Backup File ပြုလုပ်နည်း အဲ့ဒီပို့ စ်ကနေ restore ပြန်လုပ်နည်းကို တင်ပေးပါတော့ ကိုလွင်မင်းဗိုလ်ခင်ဗျာ
အရင်တုန်းကလည်း ဒီပိုစ့်ကို တင်ပေးဖို့ တောင်းထားတဲ့လူများရှိပေမယ့် ကျနော် ဒီလောက်အမြန်ကြီး တင်ပေးဖို့ စိတ်ကူးမရှိသေးပါ..။ ဘာလို့လဲဆိုတော့ ကျနော် လက်ရှိသုံးနေတဲ့ ဝင်းဒိုး ပျက်သွားတဲ့အခါမှ DVD ချပ်တွေကနေ Restore ပြန်ထည့်နည်းကို ဓါတ်ပုံတွေပါ ရိုက်ယူရင်း တခါတည်း အလုပ်၂-ခု ပြီးသွားမယ့် အစီအစဉ်မို့ ဒီပိုစ့်တင်ပေးဖို့ကို နောက်ကျနေခဲ့တာပါ..။ အခုတော့ မရတော့.. တောင်းတဲ့လူကလည်း ဆက်တိုက်ကို တင်ပေးဖို့ တောင်းနေလေပြီ..။ ဒီဝင်းဒိုးထဲမှာ Video Editing ဆော့ဝဲလ်တွေ၊ Adobe CS6 ရဲ့ Photoshop တို့လို Premier Pro တို့လို ဆော့ဝဲလ်အကြီးကြီးတွေ ထည့်ထားပြီး အသုံးပြုလို့ ကောင်းနေတုန်း.. ဖုန်းတွေအတွက် USB Drivers တွေနဲ့ Root တူးမျိုးစုံ ထည့်ထားပြီးသားမို့ အခုလို ဖေါ်မတ်ချဖို့ကို အတော်လေး ဝန်လေးနေမိပါတယ်..။ ဆော့ဝဲလ်တွေ စုံအောင် ပြန်ထည့်ဖို့ဆိုရင် အတော်လေး အချိန်ပေးရအုန်းမည်..။ မတတ်နိုင်..။ အခုတော့ ဒီပိုစ့်ကို ကြိုးစားပြီး၊ အချိန်ယူပြီး ပြီးအောင် တင်ပေးလိုက်ပြီ..။ 
ဒီ DVD ၅-ချပ်နဲ့ Windows Image Backup File များ ဖန်တီးပြီး သိမ်းနည်းကို ဟိုးအရင်တုန်းကတည်းက ပိုစ့်တင်ပေးထားပြီး ဖြစ်ပါတယ်..။ မသိသေး၊ မလုပ်တတ်သေးတဲ့ သူများကတော့ ဝင်ကြည့်နိုင်ပါတယ်..။ DVD ၅-ချပ်နဲ့ ဝင်းဒိုးတခုလုံးကို သိမ်းတဲ့နည်းကတော့ ဝင်းဒိုး Recovery အတွက် အသုံးဝင်ဆုံးနဲ့ အကောင်းဆုံး နည်းတခုပါပဲ..။ ဟတ်ဒစ်ပျက်သွားတဲ့အခါမျိုးတွေမှာ (သို့မဟုတ်) ဟတ်ဒစ်တခုလုံးကို မှားပြီး Format ချပစ်မိလိုက်တဲ့ အခါမျိုးတွေမှာ.. အရင်က ဟတ်ဒစ်အပိုင်းတွေထဲမှာ သိမ်းထားခဲ့တဲ့ Windows Image Backup ဖိုင်နဲ့ Original Recovery အပိုင်းတွေကို ပြန်ထုတ်ယူလို့ မရနိုင်တော့ပါဘူး..။ အဲ့လို အခါမျိုးတွေမှာ Original Windows တွေကို ဒီ DVD ၅-ချပ်နဲ့ သိမ်းထားခဲ့မယ်ဆိုရင် အလွယ်တကူ Restore ပြန်ထည့်သုံးလို့ ရမှာပဲ ဖြစ်ပါတယ်..။ Restore ပြန်ထည့်လိုက်တာနဲ့ မိမိတို့စက်က Original Windows နဲ့ Drivers တွေအစုံပါပြီးသားမို့ အဆင့်သင့် အသုံးပြုယုံပါပဲ..။ ဒါကြောင့် ဝင်းဒိုးတွေ ပျက်သွားတဲ့အခါမှာ.. မပျက်ခင်က Backup လုပ်ပြီး သိမ်းထားလို့ ရမယ့် နည်းလမ်းတွေထဲက ဒီ DVD ၅-ချပ်နဲ့သိမ်းတဲ့နည်းကလည်း အကောင်းဆုံးနည်း တခုပါပဲ..။ 
နောက်တခုကတော့ ဝင်းဒိုးတွေကို Backup လုပ်တဲ့အချိန်တုန်းက System Repair Disc တွေကိုပါ တခါတည်း ဖန်တီးထားဖို့ လိုပါတယ်..။ ဝင်းဒိုးတွေအသုံးပြုတာ ကြာလာတာနဲ့ အမျှ Error ကြောင့်သော်၎င်း၊ Virus ကြောင့်သော်၎င်း F8 ကီးနဲ့ Windows Repair ထဲကို ဝင်လို့ မရတော့တဲ့အခါမှာ ဒီ System Repair Disc လေးကလည်း အရမ်းကို အသုံးဝင်ပါတယ်..။ နောက်တခုက ဝင်းဒိုးတင်လို့ရတဲ့ DVD အခွေရှိနေရင်လည်း ဒီ Windows Repair ထဲကို ဝင်လို့ရပါသေးတယ်..။ ဒီပိုစ့်မှာတော့ ကျနော်က Windows Repair နေရာကို F8 ကီးနဲ့ ဝင်ပြထားပါ..။ အပေါ်မှာပြထားတဲ့ အတိုင်း ကျနော် DVD ၅-ချပ်နဲ့ Windows Image Backup ဖိုင်ကို ဖန်တီးထားပြီးသားပါ..။ System Repair Disc ကိုလည်း တခါတည်း ဖန်တီးထားပြီး အခွေထည့်တဲ့ ဗူးလေးတခုနဲ့ သေချာသိမ်းထားခဲ့ပြီးသားမို့ ဒီနေ့ဒီပိုစ့်အတွက် အဆင်ပြေပြေနဲ့ ဝင်းဒိုးကို ပြန်ပြီး Restore လုပ်လို့ ရသွားပါပြီ..။ နောက်တခုကတော့ ဒီလို Restore မလုပ်ခင် မိမိတို့ ဝင်းဒိုးထဲမှာ ရှိတဲ့ မိမိတို့ရဲ့ ဓါတ်ပုံတွေ၊ သီချင်း Video တွေနဲ့ ဆော့ဝဲလ်တွေကို အရင်ဆုံး partition အပိုင်းတွေထဲကို ပြောင်းသိမ်းထားဖို့ လိုပါတယ်..။ Windows Image Backup ဖိုင်ကို Restore ပြန်လုပ်လိုက်ရင် အဲ့ဒါတွေ တခုမှ မရှိတော့တဲ့အတွက် ပျက်သွားမှ ပြန်ယူလို့ မရနိုင်တော့ပါ..။ ဒါကြောင့် ဒီတချက်လည်း သတိထားရမှာပါ..။ 
ဒီလုပ်နည်းကို အားလုံးပဲ အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ အစအဆုံး ပြပေးထားလို့ ပုံတွေတော့ နည်းနည်းများသွားပါတယ်..။ သတိပြုရမယ့် အချက်လေးတွေကို တဆင့်စီ ကျော်မသွားအောင် ပြပေးထားတဲ့အတွက် သေချာလိုက်မှတ် ကြည့်ဖို့တော့ လိုပါတယ်..။


အောက်ကပုံအတိုင်း အပေါ်ပုံက DVD ၅-ချပ်ကို ပြန်ပြီး Restore မလုပ်ခင် ကျနော့် ဝင်းဒိုးမှာ Install ထည့်ထားတဲ့ ဆော့ဝဲလ်တွေနဲ့ ပြည့်နေပါတယ်..။ Restore ပြီးသွားတဲ့အခါမှာတော့ ဒီဆော့ဝဲလ်တွေ မရှိတော့ပါဘူး..။ 



F8 နဲ့ Windows Repair ထဲကို ဝင်လို့ မရတဲ့ စက်တွေမှာ.. မိမိတို့ရဲ့စက် DVD Drive ထဲကို System Repair Disc သို့မဟုတ် ဝင်းဒိုးတင်လို့ ရတဲ့ DVD ခွေ အရင်ထည့်ပြီး စက်ကို Restart ပေးလိုက်ပါ..။ USB နဲ့ သုံးတဲ့သူများလည်း Windows Repair ထဲကို ဝင်လို့ ရပါတယ်..။ အရင်တုန်ုးက ပိုစ့်တွေအတိုင်း သက်ဆိုင်ရာကီးတွေ ဖြစ်တဲ့ Esc, Del, F2, F12 F10 စသဖြင့် လိုက်ပြောင်းပြီး Boot ကနေ တဆင့် Windows Repair ထဲကို ဝင်လိုက်ပါ..။
ကျနော်ကတော့ ဝင်းဒိုး ၂ခုတင်ထားလို့ အောက်ကပုံအတိုင်း Windows 7 ကို ရွေးပြီး F8 နဲ့ Windows Repair ထဲကို ဝင်လိုက်ပါတယ်..။ ဒီနေရာမှာ တခု သတိပြုရမှာက Backup ဖိုင် လုပ်ပြီးမှ ဝင်းဒိုး ၂-ခု၊ ၃-ခု တင်သုံးနေတာဆိုရင်တော့ ဒီ Backup ဖိုင်ကို Restore ပြန်လုပ်လိုက်ရင် တခြားဝင်းဒိုးတွေကို ပြန်ဝင်သုံးလို့ မရနိုင်တော့ပါဘူး..။ ဒါကြောင့် မိမိကိုယ်တိုင်သာ စဉ်းစား သင့်ပါတယ်..။


F8 ကို ကလစ်ပြီး ဝင်သွားလို့ အောက်ကပုံအတိုင်း Repair Your Computer စာသားလေးကို မြင်ရရင် မျှားအပြာရောင်နဲ့ ပြထားတဲ့ အတိုင်း Enter ခေါက်ပြီး နောက်တဆင့်ကို ဝင်သွားလိုက်ပါ..။ 



Next နှိပ်ပြီးလို့ နောက်တဆင့်မှာ မိမိတို့ လက်ရှိဝင်းဒိုးရဲ့ ပါတ်စ်ဝါဒ့် ခံထားရင် ထည့်ပေးပြီး ဆက်သွားလိုက်ပါ..။ 


အောက်ကပုံအတိုင်း ဆက်ပေါ်လာရင် အလယ်က System Image Recovery နေရာကို နှိပ်သွားလိုက်ပါ..။




အပေါ်ပုံအတိုင်း ဆက်ပေါ်လာရင် Select a system image နေရာကို ရွေးပြီး Next နှိပ်ပါ..။ အပေါ်ပုံမှာ New Volume (F:) နဲ့ ပြထားတာကတော့ ကျနော့်စက်ရဲ့ ဟတ်ဒစ် partition အပိုင်းထဲမှာလည်း Windows Image Backup ဖိုင် တခု ရှိနေတဲ့အတွက် ဒီနေရာမှာ လာပေါ်နေခြင်းပါ..။ DVD နဲ့ Restore မလုပ်လိုရင်တော့ အပေါ်က Use the latest စာသားနေရာကို ကလစ်ပြီး သွားလိုက်ယုံပါပဲ..။ အခုတော့ DVD နဲ့ Restore ထည့်မှာ ဖြစ်တဲ့အတွက် အောက်က Select a system image နေရာကိုယူပြီး သွားလိုက်ပါတယ်..။
အောက်ကအဆင့်မှာတော့ အရေးကြီးတဲ့ သတိထားရမယ့် နေရာပဲ ဖြစ်ပါတယ်..။ ဒီနေရာမှာ မိမိတို့ DVD ၅-ချပ်ထဲက နောက်ဆုံး ၅-ခုမြောက် DVD ကို အရင်ထည့်ပေးပြီးမှ Refresh ကို ကလစ်ပြီး ဘောက်စ်ထဲမှာ  ပေါ်လာတာကို ကြည့်ပါလို့ ၊ ရှာပါလို့ အပြာရောင်နဲ့ ဝိုင်းပြထားတဲ့ ထဲမှာ ရေးထားပါတယ်..။ တကယ်လို့ ဒီနေရာမှာ နောက်ဆုံး DVD ချပ်ကို ထည့်ပြီး Refresh လုပ်လို့မှ စက်က DVD Drive ကို မသိရင်တော့ ရွာလည်ပါပြီ..။ အဲ့ဒါဆိုရင်တော့ Advanced နေရာကနေ ဝင်ပြီး DVD Drive ရဲ့ Driver ကို တခုစီ လိုက်ရှာပေးမှ ရပါတော့မယ်..။ စက်က DVD Drive မသိတော့ရင်တော့ အတော်ခက်မယ့် နေရာပါ..။


အပေါ်ပုံ Advanced ကနေ ဝင်ပြီး အောက်ကပုံမှာ မြင်ရတဲ့အတိုင်း ၂-ထဲက Install a Driver  မှာ လိုက်ရှာ ယူပေးရမှာပါ..။ ဒီအဆင့်မှာတော့ DVD Drive မသိတဲ့ သူများအတွက် ဝင်ရှာယူရမယ့် နေကို ပြပေးလိုက်တာပါ..။ 


ကျနော့်စက်မှာတော့ Windows Image Backup ဖိုင်ရှိတဲ့ DVD ၅-ချပ်ထဲက နောက်ဆုံး ၅-ခုမြောက် အခွေကို ထည့်ပြီး Refresh ကို ကလစ်ပေးလိုက်တာနဲ့ အောက်ကပုံအတိုင်း DVD Drive ဆိုပြီး ပေါ်လာပါတယ်..။ အဲ့ဒီပေါ်လာတဲ့ DVD Drive စာသားနေရာကို တချက်ကလစ်ပြီးမှ အောက်ဆုံးက Next ကို နှိပ်ပါတယ်..။ 



နောက်တဆင့်မှာလည်း Next ကို ဆက်နှိပ်ပြီးရင်တော့ အောက်ကပုံအတိုင်း အမှန်ခြစ် မထည့်ဖို့ သတိပြုရမှာပါ..။ အဲ့ဒီနေရာမှာ အမှန်ခြစ် ထည့်ပေးလိုက်ရင် ဟတ်ဒစ်တခုလုံး ဘာမှ မရှိတော့ပဲ Format ချပစ်လိုက်ပြီးသား ဖြစ်သွားပါလိမ့်မယ်..။ ဘာတခုမှ ပြန်ယူလို့ မရနိုင်တော့ပါ..။ ဒါကြောင့် ဒီနေရာမှာ အထူးသတိပြုပါ..။ 



ဒီအဆင့်မှာ အပေါ်နဲ့ အောက်ကပုံတွေအတိုင်း Finish နဲ့ Yes ပေးလိုက်ပါ..။ Finish မြင်တာနဲ့ ပြီးပြီလို့ မထင်ပါနဲ့.. မပြီးသေးပါဘူး..။ အခုမှ အစပဲ ရှိပါသေးတယ်..။



အပေါ်ပုံအတိုင်း ဆက်ပေါ်လာရင် OK မပေးပါနဲ့အုန်း..။ 1 ပြထားတာဖြစ်လို့ DVD ၅-ချပ်ထဲက ပထမဆုံး နံပါတ်တစ် DVD ခွေကို အရင်ထည့်ပေးလိုက်ပါ..။ အောက်ကပုံအတိုင်း မိမိတို့ လက်ရေးနဲ့ ရေးမှတ်ထားတဲ့အတိုင်း 5 ခွေကိုထုတ်ပြီး 1 ကို ပြန်ထည့်ပေးလိုက်ပါ..။ DVD ခွေ အထိုင်ကျအောင် ၊ အဆင်သင့်ဖြစ်အောင် ၁၀ စက္ကန့် (သို့) ၁၅ စက္ကန့်လောက် စောင့်နေပေးပြီးမှ OK ပေးပါ..။




OK ပေးလိုက်ရင်တော့ DVD ခွေထဲက ဖိုင်တွေကို စက်က အပေါ်ပုံအတိုင်း copy ယူပါလိမ့်မယ်..။ အချိန်အနည်းငယ် ကြာပါလိမ့်မယ်..။ စောင့်နေပေးလိုက်ပါ..။ ပြီးရင်တော့.. အောက်ကစာသား ဆက်ပေါ်လာရင် DVD အမှတ်စဉ် တစ်ကို ထုတ်ယူပြီး.. အမှတ်စဉ် နှစ်ကို ဆက်ထည့်ပေးလိုက်ပါ..။ ပြီးမှ အပေါ်ကနည်းအတိုင်း ၁၅ စက္ကန့်လောက် စောင့်ပြီး မှ OK ပေးပါ..။ 



အပေါ်နဲ့ အောက်ကပုံတွေအတိုင်း 1 ကိုထုတ်ပြီး 2 ကို ဆက်ထည့်ပေးလိုက်ပါ..။ ၁၅ စက္ကန့်လောက်စောင့်နေပြီး OK နှိပ်ပေးလိုက်ရင် ရပါပြီ..။ နောက်ထပ် အခွေတွေကိုလည်း အပေါ်ကနည်းအတိုင်း တခုစီ နံပါတ်စဉ်တိုင်း မှန်အောင် ဆက်လက် လုပ်ပေးပါ..။



အောက်ကအဆင့်တွေမှာလည်း အပေါ်က နည်းတွေအတိုင်း ကျန်တဲ့ 3, 4 အခွေတွေကို စက်က တောင်းတဲ့အခါတိုင်း မှန်အောင် တခွေစီ လိုက်ထည့်ပြီး အနည်းငယ်စောင့် ၊ OK ပေးလိုက်ရင် အဆင်ပြေပါတယ်..။ 



DVD ၄-ချပ်မြောက်ကို ထည့်ပေးပြီးရင်တော့ အောက်ကပုံအတိုင်း နောက်ဆုံး နံပါတ် ၅-ခုမြောက် DVD ကို ပြန်တောင်းပါတယ်..။ အဲ့ဒီမှာ ပေါ်လာတဲ့ စာသား နံပါတ်စဉ်အတိုင်း ဆက်ထည့်ပေးလိုက်ပါ..။ အချိန်အားဖြင့် DVD ၅-ချပ်ပေါင်း၊ အားလုံးပြီးဖို့ တစ်နာရီ လောက်ကြာပါတယ်..။ 


၅-ခုမြောက် DVD ကို ထည့်ပေးပြီးလို့ OK ပေးပြီးရင်တော့ copy ယူပြီးတာနဲ့ အောက်ကပုံအတိုင်း စက္ကန့် ၆၀ ပြည့်တာနဲ့ စက်က Restart ကျသွားပါလိမ့်မယ်..။ စက်ပြန်တက်လာရင်တော့ မိမိတို့ DVD ၅-ချပ်မှ Windows Image Backup ကို ပြန်ထည့်လိုက်တဲ့ ဝင်းဒိုး အသစ်တခုကို ပြန်ရပါပြီ..။ 



Restart ကျပြီးသွားရင်တော့ အောက်ကပုံတွေအတိုင်း အရင်က သိမ်းထားခဲ့တဲ့ Drivers တွေ အစုံပါတဲ့ ဝင်းဒိုးကို အသစ်အတိုင်း ပြန်ရပါပြီ..။ DVD ၅-ချပ်မှ Windows Image Backup ဖိုင်ကို Restore ပြန်ထည့်နည်း ဒီမှာတင် ပြီးသွားပါပြီ..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..။




9 comments:

  1. အရမ်းကောင်းတဲ့ ပိုစ်လေးပါခင်ဗျာ အရင်တုံန်းက အကိုရေးပေးတဲ့DVD ၅-ချပ်နဲ့ Windows Image Backup File များပို့စ်ကိုတော့လေ့လာဖူးပါတယ်..။အခုပြန်ပြီး Restore လုပ်နည်းပို့စ်လေးကို ပြန်လည်ရှင်းပြပေးတော့ အရမ်းကို
    အဆင်ပြေတာပေါ့..အကိုလွင်ရဲ့ကျေးဇူးတွေ၊စေတာနာတွေကိုတော့အရမ်းကိုတန်ဖိုးထားလေးစားဂုဏ်ယူမိပါတယ်..။တကယ်ကိုတော်တဲ့ ပညာပါရမီပြည့်ဝတဲ့ ဆရာကောင်းတစ်ယောက်ပါ...။ ဒီပို့စ်လေးကို PDF ဖိုင်လေးနဲ့သိမ်းထားလိုက်ပါတယ်..။

    ReplyDelete
  2. အရမ်းကျေးဇူးတင်ပါတယ် နည်းလမ်းများဒီထက်မက တိုးပွားပါစေ ခင်ဗျာ

    ReplyDelete
  3. အကိုလွင်မင်းဗိုလ် ကျေးဇူးပါပဲခင်မျာ၊ ကျနော်ဒီပို့စ်လေးကိုရော Backup ဖိုင်လုပ်နည်းကိုရော pdf ဖိုင်ပြောင်းပီး
    ယူထားလိုက်ပါတယ်ခင်မျ၊ အတော်လေးကို ဗဟုသုတရစေပါတယ်၊ ကျနော့အခက်အခဲတခုကိုလည်း
    ပြောပြအကူအညီတောင်းချင်လို့ပါ ကျနော့စက်မှာ ၀င်းဒိုးအသစ်တင်မရလို့ပါ၊ အရင်ကအဟောင်းကတော့
    သုံးလို့ရနေဆဲပါ လေးတော့လေးနေပါပီ ဒါကြောင့် ၀င်းဒိုးအသစ်တင်ဖို့ ပုံမှန်အတိုင်း BOOT Device ထဲဝင်
    dvd သတ်မှတ်ပီး အသစ်တင်တာခင်မျာ ၀င်းဒိုးဖိုင်တွေကူးတဲ့အပိုင်းထိတော့ရပါတယ် ဟိုဘက်မှာ Next တို့
    Install Now တို့ပေါ်လာရမှာ ပေါ်မလာဘဲ ၀င်းဒိုးဘက်ဂရောင်း ဗြောင်ကြီးသက်သက်ပဲ ပေါ်နေပါတယ်
    ဒါနဲ့ဆိုင်ပို့လိုက်ရပါတယ် ဆိုင်က၀င်းဒိုးအသစ်တင်ပေးလိုက်ပါတယ် မကျေနပ်လို့ ကိုယ့်ဘာသာ ပြန်တင်ကြည့်တော့ ရနေပြန်ပါတယ် အခုကြာလာလို့ ပြန်တင်မယ်လုပ်တော့ Next တို့ Install တို့
    ပေါ်မလာဘဲ ဗြောင်ကြီးဖြစ်နေပြန်ပါတယ် ဘယ်လိုလုပ်ရမလဲ ကူညီပါအုန်းခင်မျာ၊ မန်မိုရီကဒ်ကိုလည်း
    ဖြုတ် ဖုံသုတ်ပီး လုပ်ကြည့်တော့လဲ မရလို့ပါခင်မျာ၊ ကျေးဇူးတင်စွာဖြင့် စောင့်မျှော်နေလျှက်..........

    ReplyDelete
    Replies
    1. ကိုNayMinရေ.USBနဲ့ဝင်းဒိုးပြောင်းတင်ကြည့်ပါလားဗျာ.DVD-Driveမကောင်းတော့ရင်လည်းမရတတ်တဲ့အတွက်USBနဲ့ဝင်းဒိုးတင်နည်းကိုပြောင်းသုံးကြည့်ရင်အဆင်ပြေနိုင်ပါတယ်.

      Delete
  4. ထာဝရ ကျေးဇူးတင်လျှက်ပါ။

    ReplyDelete
  5. ဒီပို့ စ်ကိုစောင့်နေတာပါခင်ဗျာ ခုတော့ရသွားပြီးဖြစ်တဲ့အတွက်ကျေနပ်ဝမ်းသာရပါတယ်ခင်ဗျ

    ReplyDelete
  6. အကို driver ရှာနည်းလေးေ့ပြာပြ တင်ပေးပါလား
    driver မရှိလို့ သုံးမရတဲံစက်တွေ ရှိတယ် ကျနော် လဲ မရှာတက်ဘူးလေ အကိုလွင်မင်း ရှိတယ် မေးကြည့်ပေးမယ် တကယ်လို့ စက်ရဲ့cpu model လိုအပ်ရင် ကျနော် ပို့ပေးလို့ရပါတယ် ကျေးဇူးတင်ပါတယ် အကို

    ReplyDelete
  7. သိခွင့်​၊ သင်​ယူခွင့်​၊ ​လေ့လာခွင့်​ရတဲ့အတွက်​အထူပင်​​ကျေးဇူတင်​ပါတယ်​။
    အကို​နေ​ကောင်းပြီး ပို့စ်​ များများ တင်​နိုင်​ပါ​စေ...

    ReplyDelete
  8. အရမ်းကို​လေးစာပါတယ်​အကိုလွင်
    ဆရာ​ကောင်းရှာဖို့ဆိုတာ မလွယ်​​ပေမဲ့ အခု​တော့
    ဆရာ​ကောင်းနဲ့​တွေ့ပြီး အရမ်းပင်​​လေးစားထိုက်​​သော
    ဆရာ​တွေထဲက ဆရာတစ်​ပါးပါ။ဒီ​ကောင်​​လေးကို pdf ဖိုင်းနဲ့
    သိမ်းချင်​လို့ဘယ်​လိုကူးရမလဲ အကိုလွင်​.....

    ReplyDelete

Related Posts Plugin for WordPress, Blogger...